23 Aug 2019
အခုလို နည်းပညာတွေ တိုးတက်၊ ဖုန်းတွေ အမျိုးမျိုး ပေါ်လာတဲ့ခေတ်ကြီးထဲမှာ လူတိုင်းနီးပါး သတိမထားမိတဲ့ ကိစ္စတစ်ခု ရှိပါတယ်။ အိမ်တွင်းသူခိုးလို့ လူတွေ ပြောပြောနေကျတဲ့ ဖုန်းဘေလ် ပြဿနာပဲ ဖြစ်ပါတယ်။ မိတ်ဆွေတို့ရဲ့ ဖုန်းတွေ ဘေလ်ထည့်လိုက်ပေမယ့် မသိမသာ ဘေလ်တွေ ဖြတ်ဖြတ်သွားတာကို ကြုံဖူးမယ် ထင်ပါတယ်။ ဒီလို အခြေအနေမျိုးတွေ ဖြစ်လာခဲ့ ဘာလုပ်လို့ လုပ်ရမှန်း မသိပဲ Telecom Company တွေကိုထိုင်ပြီး မေတ္တာပို့နေကြတာကို တွေ့ပါတယ်။ ဒီကိစ္စက ချမ်းသာတဲ့ သူတွေအတွက်က ဘာမှမသိသာပေမယ့်၊ နေ့စဉ် ရုန်းကန်လှုပ်ရှားနေရတဲ့ သူတွေအတွက် ဒီ ဖုန်းဘေလ် ၅၀၀၊ ၁၀၀၀ က အရမ်းကို နစ်နာပါတယ်။
အတည်ပြုလို့ မရတဲ့ စစ်တမ်းတစ်ခု အရ မြန်မာနိုင်ငံရှိ Telecom တစ်ခုရဲ့ တရားမဝင် ဖြတ်ငွေဟာဆိုရင် တစ်ရက်ကို မြန်မာငွေ သိန်း(၅၀၀၀) ကျော်ပါတယ်။ ဒီအကြောင်းအရာကို ဆန်းစစ်ကြည့်ခြင်းမှာဆိုရင် မြန်မာနိုင်ငံမှာ ရှိတဲ့ အချို့ဒေသတွေက နည်းပညာတိုးတက်မှုနောက်ကျနေတာတွေ၊ Technology နဲ့သက်ဆိုင်တဲ့ အသိပညာ အားနည်းမှုတွေေပေါ်ကို အခွင့်ရေးယူနေတာလို့ ခံစားရပါတယ်။ ဒီအချက်လည်း Telecom Company တိုင်းကို စွတ်ဆွဲတာ မဟုတ်ပဲ ပူးပေါင်းထားလုပ်ဆောင်နေတဲ့ Company တွေရဲ့ အကြီးကဲအချို့က နည်းပညာ အားနည်းမှုကို အခွင့်ရေးယူတတ်ပါတယ်။ ဒါကတော့ တာဝန်ရှိတဲ့သူတွေ အနေနဲ့ Consumer Protection Law ဆိုတဲ့ တရားဥပဒေအရ သေချာစစ်ဆေးပေးနိုင်ရန် Enforce လုပ်ပေးဖို့ လှုံ့ဆော်ပေးဖို့ လိုအပ်ပါတယ်။
ဥပမာ - ဘေလ်တွေ အဖြတ်ခံနေရတဲ့ MPT User တစ်ယောက် ဖြစ်ခဲ့တယ်ဆိုရင်တော့ အမြန်ဆုံးနဲ့ အရှင်းဆုံး နည်းလမ်းအနေနဲ့ 106 Call Center ကို ဖုန်းဆက်ပြီး ယူထားသမျှ ဝန်ဆောင်မှုတွေ အကုန်ဖြတ်ပေးဖို့ ပြောပါ။ လိုအပ်မယ်ဆိုရင်တော့ မိတ်ဆွေတို့ ပြောနေတဲ့ Conversation တွေကို Record မှတ်သင့်ရင် မှတ်ထားဖို့ လိုအပ်ပါတယ်။ ဒီအချက် သက်သေ ခိုင်လုံစေဖို့ အတွက်ဖြစ်ပါတယ်။
နောက်ထပ် နည်းလမ်း တစ်ခုကတော့ MPT 4 U ဆိုတဲ့ Application ကို Google Play Store နဲ့ App Store တို့မှာ Free Download ပြုလုပ်လိုက်ပါ။
အဆင့် (၁) ရယူထားသော ဝန်ဆောင်မှုများ ဆိုတာကို နှိပ်ပါ
အဆင့် (၂) ဝန်ဆောင်မှုတစ်ခုခု ရှိနေခဲ့မယ်ဆိုရင်တော့ ဖြတ်ဖို့ လိုအပ်ပါတယ်။ တခါတလေမှာ ကိုယ်မသိတဲ့ ဝန်ဆောင်မှုတွေ ဝင်နေတတ်ပါတယ်။ ဒါကြောင့် ဖြတ်ဖို့ အကြံပေးရခြင်း ဖြစ်ပါတယ်။ ရယူထားသော ဝန်ဆောင်မှုများ နေရာမှာ ဘာမှမရှိရင်တော့ အဆင်ပြေပါတယ်။
ဝန်ဆောင်မှုတွေ့ကို ဖြတ်တာအောင်မြင်ခဲ့ရင် မိတ်ဆွေဆီကို Message ပြန်ပို့ပေးပါတယ်။
အခြား Telecom တွေမှာ လုပ်နိုင်တဲ့ နည်းလမ်းတွေကိုလည်း တင်ပေးသွားပါအုံးမယ်။ ဒါကြောင့် မိတ်ဆွေတို့ရဲ့ ဖုန်းဘေလ်တွေကို ကိုယ်ကဘာမှန်းတောင် မသိတဲ့ ဝန်ဆောင်မှုတွေ ယူမိနေတာတွေ ဖြစ်တတ်ပါတယ်။ တခါတလေ ကိုယ်မယူထားပဲ ရောက်နေတတ်တဲ့ ဝန်ဆောင်မှုတွေလည်း ရှိနေတတ်တဲ့ အတွက် လိုတာထက်ပိုပြီး ဘေလ် ဖြတ်ခံနေရတယ်လို့ ထင်နေပြီဆိုရင် စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။ လူအချင်းချင်း လှည့်ပတ်ခြင်းတွေ ကင်းဝေး ကြပါစေလို့ ဆုတောင်းပေးပါတယ်။