16 Apr 2021
Facebook ရဲ့ 14 ရက်နေ့ကထုတ်လိုက်တဲ့ကြေညာချက်မှာ မြန်မာလုံခြုံရေးတပ်ဖွဲ့များနှင့်ဆန္ဒပြသူများ ကျူးလွန်တဲ့ အကြမ်းဖက်မှုများအားချီးမွမ်းခြင်း၊ ထောက်ခံခြင်းနှင့်ထောက်ခံအားပေးရေးသားမှုများကို သူတို့ Facebook platform မှာတင်ခြင်းအားဖယ်ရှားနိုင်ရန်အတွက် မြန်မာနိုင်ငံအတွက်တိကျသောမူဝါဒကိုအကောင်အထည်ဖော်လျက်ရှိတယ်လို့ဆိုပါတယ်။
ကြေညာချက်အရဆိုရင်တော့ ထုတ်ပြန်ကြေညာတဲ့အချက်မှာအောက်ပါအတိုင်းပါဝင်ပါတယ်။
(၁)မြန်မာနိုင်ငံရှိအရပ်သားများမှ စစ်တပ်သို့မဟုတ်လုံခြုံရေးတပ်ဖွဲ့များအပေါ်ကျူးလွန်သောအကြမ်းဖက်မှုများကိုချီးမွမ်းခြင်းနှင့်ထောက်ခံခြင်း
(၂)မြန်မာစစ်တပ်နှင့်လုံခြုံရေးတပ်ဖွဲ့များမှ အရပ်သားများကိုဖမ်းဆီးခြင်းအား ချီးမွမ်းခြင်း၊ ထောက်ခံခြင်းသို့မဟုတ်ထောက်ခံအားပေးခြင်း ဆိုပြီးဖော်ပြထားပါတယ်။
ဥပမာအားဖြင့်ဆိုရမယ်ဆိုရင်
"ငါဒါကိုထောက်ခံတယ်" ဆိုတဲ့ Caption နဲ့လူအုပ်ထဲကိုပစ်ခတ်တဲ့ဓာတ်ပုံပါရှိတဲ့ Post တွေ
လူတွေအပေါ်သေစေလောက်တဲ့အကြမ်းဖက်မှုဟာမှန်ကန်တယ်လို့ရှင်းပြတဲ့အငြင်းပွားစရာသတင်းတွေ
တိုက်ခိုက်မှုများကျူးလွန်ခဲ့ခြင်းကိုချီးမွမ်းသည့်ရေးသားချက်များ
"လူတွေပစ်ခတ်တာကိုထောက်ခံတယ် ” ဆိုတဲ့ Caption ပါတဲ့ဓာတ်ပုံ စတာတွေကိုဖယ်ရှားသွားမယ်လို့ ဥပမာဖော်ပြထားပါတယ်။
Facebook သည်မြန်မာနိုင်ငံ၏အခြေအနေကိုအနီးကပ်စောင့်ကြည့်ပြီး Facebook Platform ကိုလုံခြုံစေရန်အတွက်လိုအပ်သောလုပ်ဆောင်မှုများကိုလဲ ဆက်လက်လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။